ထွန်းအောင်ကျော်သည် ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းတွင် ချင်းကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး နှင့်အတူ ဦးဆောင်သူတဦးအနေနှင့် ပါဝင်ခဲ့သည်။ ဦးသန့်အရေးအခင်းကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲပြီးနောက်ဆလိုင်းတင်မောင်ဦးနှင့် ဆွေးနွေးတိုင်ပင်၍ ဖမ်းဆီးခံ ကျောင်းသားများ လွတ်မြောက်ရေးကို ဆောင်ရွက်ရန် ထိုင်း-မြန်မာ နယ်စပ်သို့ ရဲမြင့်သိန်းနှင့်အတူထွက်ခွာခဲ့ပြီး ပြည်သူ့ပြည်ချစ်ပါတီမှ ခေါင်းဆောင်ဦးသွင်နှင့် တွေ့ဆုံဆွေးနွေးပြီး ပြည်တွင်းပြန်ဝင်လာခဲ့သည်။ ၁၉၇၅ခုနှစ် တွင် ဆလိုင်းတင်မောင်ဦး နှင့်အတူ ဂျွန်ကျောင်းသားလှုပ်ရှားမှု (ဂျွန်အရေးအခင်း) တွင်ပါဝင်ခဲ့ပြီး ထိုအရေးအခင်းတွင် Anti- Fascist Student League(AFSL)ကိုဦးဆောင်ဖွဲ့စည်းခဲ့သည်။
ဂျွန်အရေးအခင်းအပြီးတွင် စစ်တပ်ထောက်လှန်းရေး ၏ဖမ်းဆီးခံခဲ့ရပြီး ထောင်တသက်တကျွန်း ကျခဲ့သည်။ ၁၉၈၀ခုနှစ် တွင် နိုင်ငံရေး အကျဥ်းသားများအား အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ပေးသည့်အခါ လွတ်မြောက်လာခဲ့သည်။ ၁၉၈၈ အရေးအခင်းတွင် Freedom Fighters of Burma (FFB) အဖွဲ့ ကိုဖွဲ့စည်းပြီး ခေါင်းဆောင်တဦးအဖြစ်ပါဝင်ခဲ့သည်။
လူထုဆန္ဒပြပွဲကြီးကိုစစ်တပ်မှအကြမ်းဖက်သတ်ဖြတ်နှိမ်နင်းလိုက်ပြီးနောက် စစ်တပ်ကို လက်နက်ကိုင်တိုက်မှသာ အောင်မြင်နိုင်မှုဟု ယုံကြည်ခဲ့ပြီး တောခိုခဲ့ခဲ့ပြီး နောက်ပိုင်း ကျောင်းသားများဦးဆောင်သော ABSDF တွင် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ ၁၉၉၂ခုနှစ်တွင် အဖွဲ့အစည်းအတွင်း လက်နက်ကိုင်လမ်းစဥ်ကို ယုံကြည်မှုမရှိ သူများကနေရာရရှိလာသဖြင့် နှုတ်ထွက်ကာ အမေရိကန်နိုင်ငံသို့ပြောင်းရွေ့အခြေချခဲ့သည်။
နယူးယောက်ပြည်နယ်ရှိကောနယ် တက္ကသိုလ် (Cornell University)တွင် အရှေ့တိုင်း လေ့လာရေး (Asian Studies) ဘာသာရပ် မဟာဝိဇ္ဇာတန်းကိုတက်ရောက်သင်ကြားခဲ့ပြီး ၁၉၉၇ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကိုရရှိခဲ့သည်။
နယူးယောက်မြို့တွင် Civil Society for Burma (CSB) ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ပြောင်းရွေ့နေထိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး အသံလွှင့်ထုတ်လုပ်မှုများနှင့် အွန်လိုင်းမီဒီယာအဖြစ် Era’s Eye ခေတ်မျက်လုံးသတင်းဌာနကို တည်ထောင်၍ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ရေးသားနေသည်။
