အာဏာရှင်စနစ်များကနေ ဒီမိုကရေစီစနစ်ကိုပြောင်းလဲသွားခြင်းလို့လေ့လာကြည့်ခြင်း(အပိုင်း၁)

၂၀၂၆ခုနှစ်၊ သြဂုတ်လ ၂၆ရက် (ပြန်လည်မွန်းမံဖြည့်စွက်ထားခြင်း)

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

ဆမ်မြူရယ်လ် ပီ. ဟန်တင်တန် (Samuel P. Huntington) ဟာ နာမည်ကျော် အမေရိကန် နိုင်ငံရေး သိပ္ပံပညာရှင်ကြီးဖြစ်သလို ဟားဗတ် တက္ကသိုလ်မှာ နှစ်ပေါင်း ၅၀ ကျော်ကြာ သင်ကြားပို့ချခဲ့ပြီး နိုင်ငံတကာရေးရာ စင်တာရဲ့ ဒါရိုက်တာလည်း ဖြစ်ခဲ့ပါတယ်။ သူရဲ့ ပညာရပ် ဆိုင်ရာနယ်ပယ်ဟာ နိုင်ငံရေးသိပ္ပံ ဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးနယ်ပယ်တို့ကို အဓိကထား လေ့လာခဲ့သူ တယောက် ဖြစ်ပါတယ်။

သူ့ရဲ့ အကျော်ကြားဆုံး အယူအဆတစ်ခုကတော့ ၁၉၉၃ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ “The Clash of Civilizations” (ယဉ်ကျေးမှုများ ပဋိပက္ခဖြစ်ခြင်းထိပ်တိုက်တွေ့ခြင်း) သီအိုရီဖြစ်ပြီး၊ အနာဂတ် မှာ ဖြစ်ပွားမဲ့ ကမ္ဘာ့ပဋိပက္ခ များဟာ နိုင်ငံများ သို့မဟုတ် ဝါဒများအကြား မဟုတ်ဘဲ ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားမှုများ ကြောင့် ဖြစ်ပေါ်လာမယ်လို့ သူက ဆိုထားခဲ့ပါတယ်။

အာဏာရှင်စနစ်များကနေ ဒီမိုကရေစီစနစ်ကိုပြောင်းလဲသွားခြင်းကိုနိုင်ငံ‌ရေးသိပ္ပံပညာရှင်ဆင်မြူရယ် ဟန်တင်တန်ရေးသားခဲ့တဲ့ ဒီမိုကရေစီတတိယလှိုင်း၊ ၂၀ရာစုနှစ်နှောင်းပိုင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေး The Third Wave, Democratization in the late twentieth centuryစာအုပ်မှာ ရေးထားတာ ကိုဗဟုသုတအဖြစ်လိုအပ်တာတွေသိသင့်တာတွေကို တိုတိုနဲ့လိုရင်းကို ပြောမှာဖြစ်ပြီး လူငယ်တွေ အတွေးအခေါ် ရင့်သန်စေဖို့ ရည်ရွယ်ထားပါတယ်။ သူရေးသားချက်တွေအပေါ် မြန်မာနိုင်ငံနဲ့ တိုက်ဆိုင်တာတွေကိုတွေ့တဲ့အခါ အလျှင်းသင့်သလို ထည့်သွင်းပြီး ကျနော့်အမြင်ကို ပူးတွဲတင်ပြ သွားမှာပါတယ်၊

အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကိုဦးတည်ပြောင်းလဲရာမှာ ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ် တစ်ရပ်လုံးဟာ များသောအားဖြင့် ရှုပ်ထွေးပြီး ရှည်ကြာလေ့ရှိတတ်ပါတယ်။ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရန်အတွက်ရွေးကောက်ပွဲများလုပ်ရာမှာ ရှိရင်းစွဲ ဒီမိုကရေစီ(မ)ဆန်သော အစိုးရစနစ်ကို အဆုံးသတ်စေခြင်း၊ ဒီမိုကရေစီ အစိုးရစနစ်ကို စတင်ဖွဲ့စည်းခြင်းကို ဆောင်ရွက်

ကြတာ ဖြစ်ပြီး ဒီလိုလုပ်ဆောင်ပြီးတဲ့ နောက် ဒီမိုကရေစီစနစ်ကို ခိုင်မာအောင် လုပ်ဆောင်ခြင်း ဆိုတဲ့အဆင့် (၃)ဆင့်ပါဝင်ပါတယ်။

ဒီလိုမဟုတ်ဘဲ လစ်ဘရယ်ပြုလုပ်ခြင်း (Liberalization)ဖြေလျော့ပေးခြင်း ဆိုတာက လွတ်လပ်စွာ ယှဉ်ပြိုင်တဲ့ ရွေးကောက်ပွဲများမှတစ်ဆင့် အစိုးရခေါင်းဆောင်များကို ရွေးချယ်ခြင်း မဟုတ်ဘဲ အာဏာရှင်စနစ်ကို တစ်စိတ်တစ်ပိုင်း ဖွင့်ဟပေးခြင်း သို့မဟုတ်လျော့ချ ပေးခြင်းသာဖြစ်တယ်။

ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ဒီမိုကရေစီစနစ်ကို စစ်အစိုးရကဦးဆောင်ပြီး ဖွင့် ပေးလိုက်ခြင်း ဖြစ်တယ်လို့ မင်းအောင်လှိုင်ကပြောနေပေမဲ့ အမှန်တော့ ၂၀၀၈ခြေဥအောက်ကနေပြလုပ်တဲ့ ၂၀၁၀ရွေးကောက်ပွဲဖြစ်ပြီး အဲဒီရွေးကောက်ပွဲကနေဖြစ်ပေါ်လာတဲ့ ဦးသိန်းစိန်အစိုးရကလဲ သူတို့ပြောနေတဲ့ ဒီမိုကရေစီအစိုးရတရပ်အနေနဲ့မရှိခဲ့ပါဘူး၊ လစ်ဘရယ်ပြုလုပ်ခြင်း (Liberalization)ဖြေလျော့ပေးခြင်း အဆင့်သာဖြစ်ခဲ့ပါတယ်။

ပြည်သူတွေထောက်ခံတဲ့ ‌ဒေါ်အောင်ဆန်းစုကြည်ကို ပိတ်ပင်ထားပြီးမှ သူတို့အနိုင်ရဖို့ ကျိမ်းသေ အောင် လုပ်ထားတဲ့ ရွေးကောက်ပွဲဖြစ်တယ် ။ အခုမင်းအောင်လှိုင် လုပ်တဲ့ရွေးကောက်ပွဲကလဲ‌ ရွေးကောက်ခံသမတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချ ရာဇဝတ်သား အဖြစ် သတ်မှတ် နောက်သူတို့ဦးဆောင်ထားတဲ့ NLD ပါတီကိုဖျက်သိမ်းထားပြီး လုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်၊ ရွေးကောက်ပွဲဒိုင်လူကြီးလုပ်ပေးမဲ့ရွေးကောက်ပွဲကော်မရှင်ကိုလည်း အတိုက်အခံ နိုင်ငံရေးပါတီ တွေကို ဖိနှိပ်ထားခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းသန်းစိုးကဥက္ကဌလုပ်တာဖြစ်တယ်၊ ဒါကြောင့်ဒီမိုကရေစီ နည်းကျ‌ ရွေးကောက်ပွဲ မဟုတ်ဘဲ အာဏာကို စစ်အုပ်စုက ဆက်လက် အုပ်ချုပ်ပြီး လွတ်လပ်ခွင့် တချို့တဝက်ကို ဖွင့်ချပေးမဲ့ လစ်ဘရယ်ပြုလုပ်ခြင်း (Liberalization) အလွန်ဆုံးဖြေလျော့ပေးခြင်း လောက်သာ လုပ်ပေးမှာဖြစ်တယ်။ ငါတို့ထိန်းကြောင်းမှု အောက်က ပေးမဲ့ ဒီမိုကရေစီလို့ ထပ်ပြော လာဖို့ရှိတယ်။ ဒါကြောင့်အခုမင်းအောင်လှိုင် ကိုယ့်ဖဲကိုယ်ချိုးပြီး သမတတက်လုပ်တာဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမဟုတ်ပါဘူး။

လစ်ဘရယ်ဆန်တဲ့ အာဏာရှင်အစိုးရစနစ်များဟာ ထိပ်တန်းဆုံးဖြတ်ချက်ချသူများကို ရွေးကောက်ပွဲနဲ့ ရွေးကောက်ခြင်းမရှိဘဲ ဒါမှမဟုတ် ရွေးကောက်ပွဲအတုအယောင် လုပ်ပေးပြီး သူတို့ကသာ အာဏာကို ဆုပ်ကိုင်ထားပြီး နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ အချို့သော ကိစ္စရပ်များကို လူထု ဆွေးနွေးရန်လမ်း ဖွင့်ပေးခြင်း၊ ဆင်ဆာဖြတ်တောက်မှုကို ဖြေလျှော့ပေးခြင်း၊ အာဏာနည်းပါးသော ရာထူးများ အတွက် ရွေးကောက်ပွဲများ ကျင်းပပေးခြင်း၊ အရပ်ဘက် လူ့အဖွဲ့အစည်းကို အတိုင်းအတာ တစ်ခုအထိ အသစ်ပြန်လည် ခွင့်ပြုခြင်းနဲ့အခြားသော ဒီမိုကရေစီ လမ်းကြောင်းဆိုင်ရာ အဆင့်များကို လုပ်ဆောင် နိုင်ခွင့်ပေးနိုင်ပါတယ်။ လစ်ဘရယ်ပြုလုပ်ခြင်းဟာ အပြည့်အဝ ဒီမိုကရေစီအသွင် ကူးပြောင်းရေးဆီကို ဦးတည် သွားနိုင်ချေ ရှိသလို မသွားရှိနိုင်ချေလည်း ရှိပါတယ်။

ဒီမိုကရေစီကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ထပ်မံဖြည့်စွက်ရန် အချက်များစွာ ရှိပါတယ်။

ပထမအချက်က ရွေးကောက်ပွဲကို အခြေခံတယ်ဆိုတဲ့ ဒီမိုကရေစီကို အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ အနိမ့်ဆုံးသတ်မှတ်ချက် ဖြစ်ပါတယ်။ အချို့သူတွေအတွက် ဒီမိုကရေစီဆိုတာ ဒီ့ထက် ပိုမိုပြန့်ကျယ်ပြီး ကောင်းမွန်တဲ့စိတ်ဆန္ဒ သဘောရှိတဲ့ အတွေးအခေါ်များလဲရှိနေသင့်တယ်လို့မြင်ကြပါတယ်။

ဒီမိုကရေစီ ဆိုတဲ့ဝေါဟာရထိပ်မှာ စည်းကမ်းတကျ ဒီမိုကရေစီတို့ ၊ ထိမ်းကြောင်းမှု ဒီမိုကရေစီ ဆိုတာက အတုအယောင်တွေသာဖြစ်ပြီး အမေ နဲ့ မိဒွေး ကွာခြားသလို လုံးဝ အသွင်မတူပါဘူး၊ “

ဒီမိုကရေစီ” ကျင့်စဥ်ကိုယုံကြည်တဲ့ နိုင်ငံရေးသမားများမှာ လီဘာတီ liberté (လွတ်လပ်မှု), အီဂယ်လတီ égalité (တန်းတူညီမျှမှု), ဖရာတာနီတေး fraternité Brotherhood (ညီရင်းအစ်ကိုကဲ့သို့ ချစ်ခင်ရင်းနှီးမှု), မူဝါဒအပေါ် အခြေခံပြီး ပြည်သူများက ရွေးချယ်လိုက်တဲ့ အစိုးရအနေနဲ့လဲ သူတို့ကိုပေးအပ်ထားတဲ့ အာဏာကို ပြည်သူက ထိရောက်တဲ့ ထိန်းချုပ်မှု ရှိနေရမယ်ဆိုတဲ့ ၊ အပြန်အလှန်ထိန်းကြောင်းမှု (Check and Balance)ရှိမှု ကို ယုံကြည်တဲ့ တာဝန်ယူနိုင်တဲ့အစိုးရ၊နဲ့ နိုင်ငံရေးသမားတွေ ဖြစ်နေဖို့ လိုပါတယ်။

နိုင်ငံရေးမှာ ရိုးသားမှုနှင့် ပွင့်လင်းမြင်သာမှု၊ ဆင်ခြင်တုံ တရား ရှိသော ဆွေးနွေးဆုံးဖြတ်မှု၊ တန်းတူပါဝင်မှု အများသဘောကိုသဘောထားကြီးစွာလက်ခံနိုင်မှု နဲ့ အာဏာကို အထိန်းအကွပ် ရှိရှိသုံးစွဲနိုင်တဲ့ ဂုဏ်သတ္တိများ ပါဝင်ပါတယ်။

ဒီအချက်တွေဟာကောင်းမွန်တဲ့အရာတွေဖြစ်ပြီး လူအများကကြိုက်နှစ်သက်ပါက ဒီမိုကရေစီကို ဒီလိုအချက်များနဲ့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ လွတ်လပ်၊ ပွင့်လင်းပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ များဟာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်ပြီး ရှောင်လွဲလို့မရတဲ့ စီနီကွာနွမ်း sine qua non (မရှိမဖြစ်သော အရာ) ဖြစ်ပါတယ်။

ဒီမိုကရေစီ၏ ဘောင်များ

ရွေးကောက်ပွဲများကနေ ပေါ်ပေါက်လာတဲ့ အစိုးရများဟာ စွမ်းဆောင်ရည်မရှိခြင်း၊ အကျင့်ပျက် ခြစားခြင်း၊ အမြင်ကျဉ်းမြောင်းခြင်း၊ တာဝန်မဲ့ခြင်း၊ အထူးအကျိုးစီးပွားအုပ်စုများရဲ့ လွှမ်းမိုးမှုကို ခံရခြင်းနဲ့ ပြည်သူ့အကျိုးအတွက် လိုအပ်တဲ့ မူဝါဒများကို ချမှတ်နိုင်စွမ်းမရှိခြင်းတို့ ဖြစ်နိုင်ပါတယ်။

ဒီလို အရည်အသွေးများကြောင့် အဲဒီလို အစိုးရများကို တိုးတက်မှုကိုမစွမ်းဆောင်နိုင်တဲ့ အရည်အချင်း မရှိတဲ့ အစိုးရများ ဖြစ်စေ နိုင်ပေမဲ့ သူတို့ကို ဒီမိုကရေစီမဆန်သော အစိုးရများလို့ ပြောလို့မရပါဘူး။

ဒီမိုကရေစီဆိုတာ လူထုဆိုင်ရာ ဂုဏ်သတ္တိများထဲမှ တစ်ခုသာဖြစ်ပြီး တစ်ခုထဲသာရှိတဲ့ ဂုဏ်သတ္တိ မဟုတ်ပါဘူး။ ဒီမိုကရေစီကိုကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်ရဲ့ ဂုဏ်သတ္တိကောင်းများနဲ့ ချို့ယွင်းချက်များ ကို ရှင်းရှင်းလင်းလင်း ခွဲခြားထားနိုင်မှသာ ဒီမိုကရေစီနဲ့ ၎င်းတို့ရဲ့ ဆက်နွှယ်မှုကို နားလည်နိုင်မှာ ဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့ ဟန်ပြဒီမိုကရေစီ- ဒုတိယအချက်အနေနဲ့၊ စိတ်ကူးကြည့်နိုင်တာကတော့ လူ့အဖွဲ့အစည်း တစ်ခုဟာသူတို့ရဲ နိုင်ငံရေး ခေါင်းဆောင်များကို ဒီမိုကရေစီနည်းလမ်းများနဲ့ရွေးချယ်နိုင်ပေမဲ့ ရွေးချယ် ခံလိုက်ရတဲ့ နိုင်ငံရေး ခေါင်းဆောင် များဟာ စစ်မှန်တဲ့ အာဏာကို ကျင့်သုံးနိုင်ချင်မှ နိုင်မှာဖြစ် တယ်။ ထိုခေါင်းဆောင်များဟာ အခြားအုပ်စုတစ်စုရဲ့ မျက်နှာစာ ဒါမှမဟုတ် ရုပ်သေးများလည်း ဖြစ်နေနိုင် ပါတယ်။(ဥပမာ -မြန်မာနိုင်ငံ )

အာဏာအရှိဆုံးနေရာမှာနေပြီး စုပေါင်းဆုံးဖြတ်ချက်ချသူများ(အုပ်စိုးသူများ)ကို ရွေးကောက်ပွဲများမှ တစ်ဆင့် ရွေးချယ် ခြင်းမပြုဘဲ ရွေးချယ်တဲ့ နိုင်ငံရေးစနစ်ဟာ ဒီမိုကရေစီ မဆန်သလို ဒီမိုကရေစီ စနစ်လဲ မဟုတ်ပါဘူး ။ ဒီမိုကရေစီ၏ သဘောတရားထဲမှာ အာဏာအပေါ် ကန့်သတ်ချက်များ ပါဝင် ပါတယ်။

ဒီမိုကရေစီစနစ်များတွင် ရွေးကောက်တင်မြှောက်ခံထားရတဲ့အုပ်ချုပ်သူများ တနည်းအားဖြင့် အစိုးရကက်ဘိနက်အဖွဲ့ ဟာ အလုံးစုံ အာဏာကို ကျင့်သုံးနိုင်ခြင်းမရှိဘဲ လူ့အဖွဲ့အစည်းရှိ အခြား အုပ်စုများ နဲ့ အာဏာကို ခွဲဝေယူကြရပါတယ် အစိုးရအဖွဲ့၊၊ ဥပဒေပြုရေးအုပ်စု နဲ့တရားစီရင်ရေးအုပ်စု မန်တိုင်၃ခုတို့ဟာလွတ်လပ်စွာတည်ရှိနေရပါမယ်။

ဒါပေမဲ့ ဒီမိုကရေစီနည်းအရ ရွေးကောက် တင်မြှောက်ခံရတဲ့ အစိုးရဟာ ဒီမိုကရေစီနည်းအရ ရွေးချယ်ခံမဟုတ်တဲ့ အုပ်စုတစ်စုရဲ့ ပိုမိုကြီးမားတဲ့ အာဏာကို ကျင့်သုံးနိုင်ဖို့အတွက် မျက်နှာဖုံး သက်သက်သာ ဖြစ်လာပါက ထိုနိုင်ငံရေးစနစ်ဟာ ရှင်းရှင်း လင်းလင်း ဒီမိုကရေစီ မဆန်ပါဘူး။ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက် စစ်တပ်ကနေ အာဏာအများအပြား ယူထားမှုကိုလေ့လာရင် ၂၀၁၅ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရဟာ ရုပ်ပြ အဆင့်သာအာဏာပေးထားကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။

တတိယအချက်ကတော့ ဒီမိုကရေစီနိုင်ငံရေးစနစ်ရဲ့ ပျက်စီးလွယ်မှု သို့မဟုတ် တည်ငြိမ်မှုနဲ့ ပတ်သက်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီမိုကရေစီ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ တည်ငြိမ်မှု သို့မဟုတ် အင်စတီကျူးရှင်းဖြစ်လာရန် အသွင်ပြောင်းလဲခြင်း (institutionalization) ဆိုတဲ့ သဘောတရားကို ထည့်သွင်းနိုင်ပါတယ်။

တည်ငြိမ်မှုနဲ့ ခွဲခြားသတ်မှတ်ခြင်း

အင်စတီကျူးရှင်းအသွင်ပြောင်းလဲခြင်းဟာ ပုံမှန်အားဖြင့် နိုင်ငံရေးစနစ်တစ်ခု တည်ငြိမ်စွာ ဆက်လက် ရပ်တည်နေနိုင်ရန် မျှော်လင့်နိုင်တဲ့ လုပ်ဆောင်မှုဘဲဖြစ်ပါတယ်။ တည်ငြိမ်စေမှုဟာ ဘယ်နိုင်ငံရေး စနစ်ကို မဆို ခွဲခြမ်းစိတ်ဖြာတဲ့နေရာမှာ ဗဟိုအချက် အချာကျတဲ့ အတိုင်းအတာ တစ်ခုဖြစ်ပါတယ်။

ဒါပေမဲ့ နိုင်ငံရေးစနစ်တစ်ခုဟာ ဒီမိုကရေစီပိုဆန်ခြင်း ဒါမှမဟုတ် ဒီမိုကရေစီဆန်မှုနည်းပါးခြင်းနဲ့ တည်ငြိမ်မှုပိုရှိခြင်း သို့မဟုတ် တည်ငြိမ်မှုနည်းခြင်းတို့ ဖြစ်နိုင်ပါတယ်။ တန်းတူ ဒီမိုကရေစီလို့ သင့်လျော်စွာ ခွဲခြားသတ်မှတ်နိုင်တဲ့ စနစ်များအကြား ၎င်းတို့ရဲ့ တည်ငြိမ်မှုများဟာတခုနဲ့တခု များစွာကွာခြားနိုင်ပါတယ်။

ဒါကြောင့် ၁၉၈၄ ခုနှစ်အစောပိုင်းတွင် ထုတ်ဝေခဲ့သော Freedom House ရဲ့ ကမ္ဘာ့လွတ်လပ်မှု စစ်တမ်းမှာ နယူးဇီလန်နဲ့ နိုင်ဂျီးရီးယား နှစ်နိုင်ငံလုံးကို “လွတ်လပ်တဲ့ နိုင်ငံများ” အဖြစ် ကျိုးကြောင်းဆီလျော်စွာ ခွဲခြားသတ်မှတ်ခဲ့ပါတယ်။ ဒီလို ဆုံးဖြတ်ချက်ချလိုက်ချိန်မှာ နိုင်ဂျီးရီးယား မှာရှိတဲ့ လွတ်လပ်မှုဟာ နယူးဇီလန် ထက် မလျော့နည်းဘူးလို့ ဆိုနိုင်ပါတယ်။ သို့သော် နိုင်ဂျီးရီးယား ဟာအလွန်တည်ငြိမ်မှု နည်းပါးခဲ့ပါတယ်- ၁၉၈၄ ခုနှစ်၊ နှစ်သစ်ကူးနေ့မှာ ဖြစ်ပွားခဲ့တဲ့ စစ်အာဏာ သိမ်းမှုဟာ နိုင်ဂျီးရီးယား ဒီမိုကရေစီကို ထိရောက်စွာအဆုံးသတ်သွားစေခဲ့ပါတယ်။

ဒီမိုကရေစီနဲ့ ဒီမိုကရေစီမဆန်တဲ့ စနစ်များကို ဖန်တီးနိုင်ပေမဲ့ ၎င်းတို့ဟာရေရှည်တည်တံ့နိုင်ချေ ရှိသလို မရှိနိုင် ချေလည်း ရှိပါတယ်။ စနစ်တစ်ခုရဲ့ တည်ငြိမ်မှုဟာ ထိုစနစ်ရဲ့ အင်စတီကျူးရှင်း ခိုင်မာမှုနဲ့ စစ်တပ်တွင်း ဒီမိုကရေစနစ် အပေါ်ခိုင်မာစွာ ယုံကြည်တဲ့ တပ်မှူးများဘယ်လောက်ရှိပြီး ထိုနိုင်ငံရဲ့ အခြေခံဥပဒေဟာ ဘယ်လောက် ဒီမိုကရေစီနည်းကျ သလဲဆိုတဲ့ အချက်များအပေါ် များစွာကွာခြားကြပါတယ်။

စတုတ္ထအချက်ကတော့ ဒီမိုကရေစီနှင့် ဒီမိုကရေစီမဆန်သော စနစ်များကို နှစ်ပိုင်းခွဲကြည့်တဲ့ ချဥ်းကပ်မှု ဒိုင်ကောတမစ် (dichotomous variable) အဖြစ်လက်ခံ လေ့လာ မလား ဒါမှမဟုတ် ဆက်တိုက် ပြောင်းလဲ နိုင်တဲ့ အကြောင်းအရာ (continuous variable) အဖြစ် လက်ခံ လေ့လာ မလားဆိုတဲ့ ကိစ္စ ဖြစ်ပါတယ်။

ခွဲခြမ်းစိတ်ဖြာသူ အများအပြားက နောက်ပိုင်းချဉ်းကပ်မှု ဆက်တိုက် ပြောင်းလဲနိုင်တဲ့ အကြောင်းအရာ (continuous variable) ကို ပိုနှစ်သက်ကြပြီး ရွေးကောက်ပွဲ တရားမျှတမှု၊ နိုင်ငံရေး ပါတီများအပေါ် ကန့်သတ်မှုများ၊ စာနယ်ဇင်း လွတ်လပ်မှုနှင့် အခြားစံနှုန်းများ ရဲ့ အညွှန်းကိန်းများကို ပေါင်းစပ်ပြီး ဒီမိုကရေစီ တိုင်းတာမှုများကို ဖော်ထုတ်ခဲ့ကြပါတယ်။

ဒီချဉ်းကပ်မှုဟာ အချို့ ရည်ရွယ်ချက်များအတွက် အသုံးဝင်ပါတယ်။ ဥပမာ ပုံမှန်အားဖြင့် ဒီမိုကရေစီလို့ သတ်မှတ်ခံရတဲ့ နိုင်ငံများ ဖြစ်တဲ့(အမေရိကန်ပြည်ထောင်စု၊ ဆွီဒင်၊ ပြင်သစ်၊ ဂျပန်)နိုင်ငံတို့ အကြား ဒီမိုကရေစီ အတိုင်းအတာ ကွာခြားမှုများကို ဖော်ထုတ်ခြင်း သို့မဟုတ် ဒီမိုကရေစီမဆန်သော နိုင်ငံများ အတွင်း အာဏာရှင်စနစ်ရဲ့ အတိုင်းအတာ ကွာခြားမှုများကို ဖော်ထုတ်ခြင်းကဲ့သို့သော ရည်ရွယ်ချက်များ အတွက် ဖြစ်ပါတယ်။ဒါပေမဲ့ ထိုလေ့လာချက်များဟာ အညွှန်းကိန်းများကို အထူးအလေးပေး စဥ်းစားခြင်း ကြောင့် ပြဿနာ များစွာကို ဖြစ်ပေါ်စေပါတယ်။

ဒိုင်ကောတမစ် (dichotomous variable) နှစ်ပိုင်းခွဲကြည့်သော ချဉ်းကပ်မှုဟာ ဒီလေ့လာမှုရဲ့ ရည်ရွယ်ချက် ကို ပိုမိုကောင်းမွန်စွာ အထောက်အကူပြုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျနော်တို့ရဲ့ စိတ်ဝင်စားမှုဟာ ဒီမိုကရေစီမဆန်တဲ့ အစိုးရစနစ်ကနေ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခြင်းနဲ့သက်ဆိုင် တာကြောင့် ဖြစ်ပါတယ်။

ဒါ့အပြင် အခုပြောဆိုမှုမှာ ဒီမိုကရေစီကို ရိုးရှင်းသော၊ ရှင်းလင်းပြီး ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားတဲ့ စံနှုန်းတစ်ခုတည်းဖြင့်သာ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ခွဲခြမ်းစိတ်ဖြာလေ့လာသူများက အနည်းငယ် ကွဲပြားတဲ့ တိုင်းတာမှုများကို အသုံးပြုတဲ့တိုင်အောင် ဘယ်နိုင်ငံရေးစနစ်တွေက ဒီမိုကရေစီဖြစ်တယ်၊ မဖြစ်ဘူးဆိုတာကို ၎င်းတို့ရဲ့ ဆုံးဖြတ်ချက်များဟာအလွန်လေးနက်တဲ့ အတိုင်းအတာအထိ ရှိနေနိုင် ပါတယ်။

တတိယလှိုင်း၏ အဓိက သဘောတရားများ

၁။ “လှိုင်းများ” နှင့် “ပြောင်းပြန်လှိုင်းများ” ၏ အဓိပ္ပာယ်သတ်မှတ်ချက်

ဟန်တင်တန် (Huntington) က ခေတ်သစ် ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို လှိုင်းကြီးသုံးရပ် အဖြစ် သတ်မှတ်ပြီး၊ အဆိုပါ လှိုင်းများအကြားတွင် ဒီမိုကရေစီစနစ်အချို့ မှအာဏာရှင်စနစ်သို့ ပြန်လည် ပြိုလဲသွားတဲ့ ပြောင်းပြန်လှိုင်းများ ဖြင့် ပိုင်းခြားထားခဲ့ပါတယ်။

ပထမလှိုင်း (၁၈၂၈–၁၉၂၆)

ပထမလှိုင်းဟာ အဓိကအားဖြင့် အမေရိကန်နှင့် အနောက်ဥရောပတို့ တွင် စတင်ခဲ့ပြီး ပထမကမ္ဘာစစ် အပြီးတွင် ပိုမို ကျယ်ပြန့်လာခဲ့ပါတယ်။

ပထမပြောင်းပြန်လှိုင်း (၁၉၄၃–၁၉၆၂)

ဖက်ဆစ်ဝါဒနှင့် အာဏာရှင်စနစ်များ ပေါ်ထွန်းလာခြင်း (ဥပမာ- အီတလီ၊ ဂျာမနီ၊ စပိန်၊ ဂျပန်)။

ဒုတိယလှိုင်း (၁၉၄၃–၁၉၆၂)

ဒုတိယကမ္ဘာစစ်အပြီးတွင် ဖြစ်ပေါ်ခဲ့သည် (မဟာမိတ်များ သိမ်းပိုက်မှု၊ မြန်မာနိုင်ငံအပါအဝင် ကိုလိုနီနယ်မြေများ လွတ်လပ်ရေးရရှိမှု )။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး ပါလီမန် ဒီမိုကရေစီ နိုင်ငံဖြစ်လာခြင်း။

ဒုတိယပြောင်းပြန်လှိုင်း (၁၉၆၀ ပြည့်လွန် နှစ်များ–၁၉၇၅)

လက်တင်အမေရိကနှင့် အာဖရိကရှိ စစ်အာဏာ သိမ်းမှုများ (ဥပမာ- ဘရာဇီး၊ ချီလီ၊ နိုင်ဂျီးရီးယား၊မြန်မာ)။၁၉၆၂ခုနှစ်စစ်အာဏာသိမ်းခြင်း။

တတိယလှိုင်း(၁၉၇၄–၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်း)

ပေါ်တူဂီမှစတင်၍ လက်တင်အမေရိက၊ အရှေ့ဥရောပ နှင့် အာရှ/အာဖရိကဒေသများ ပါဝင်သည်။ ၁၉၉၀ရွေးကောက်ပွဲတွင်ဒီမိုကရေစီလိုလားသောNLDပါတီအနိုင်ရခဲ့သော်လည်းအာဏာလွှဲပေးရန်စစ်တပ်ကငြင်းဆန်ခဲ့တယ်။ ရွေးကောက်ပွဲနိုင်ပေမဲ့ တတိယလှိုင်းမှာမြန်မာနိုင်ငံမပါဝင်ခဲ့။

၂။ အဓိက လုပ်ငန်းစဉ်- အသွင်ကူးပြောင်းရေး အဆင့်များ

ဟန်တင်တန်သည် အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းခြင်းကို အဆင့်သုံးဆင့်ဖြင့် ခွဲခြားပြထားသည်-

• က။ လစ်ဘရယ်ပြုလုပ်ခြင်း (Liberalization)။ နိုင်ငံရေးစနစ်ကို အခြေခံအားဖြင့် မပြောင်းလဲဘဲ အာဏာရှင်ထိန်းချုပ်မှုများကို တစ်စိတ်တစ်ပိုင်း ဖြေလျှော့ပေးခြင်း (ဥပမာ- အကျဉ်းသား လွှတ်ပေးခြင်း၊ ဆင်ဆာဖြတ်တောက်မှု လျှော့ချခြင်း)။ ဤအဆင့်တွင် ဒီမိုကရေစီသို့ အပြည့်အဝ ဦးတည်နိုင်ချေ ရှိသလို မရှိနိုင်ချေလည်း ရှိပါတယ်။

• ခ။ အသွင်ကူးပြောင်းခြင်း (Transition) သို့မဟုတ် စတင်တည်ထောင်ခြင်း (Installation)။ အာဏာရှင်အစိုးရစနစ် ပြိုလဲချိန်နှင့် ပထမဆုံး လွတ်လပ်ပြီး အပြိုင်အဆိုင်ရှိသည့် ရွေးကောက်ပွဲ အကြား ကာလဖြစ်သည်။ အရေးကြီးဆုံး အခိုက်အတန့်မှာ မရွေးချယ် ထားသော အစိုးရ တစ်ရပ် ကို ရွေးကောက်တင်မြှောက်ထားသော အစိုးရတစ်ရပ်ဖြင့် အစားထိုးခြင်း ဖြစ်သည်။

• ဂ။ ခိုင်မာအားကောင်းအောင် လုပ်ဆောင်ခြင်း (Consolidation): ဒီမိုကရေစီဟာ “တစ်ခုတည်းသော ရွေးချယ်စရာ” ဖြစ်လာတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်။ နိုင်ငံရေးအင်အားစု အားလုံးက ဒီမိုကရေစီ အင်စတီကျူးရှင်းများနှင့် စည်းမျဉ်းများကို တရားဝင် လက်ခံပြီး အာဏာရရန်အတွက် ယင်းတို့ကို ချိုးဖောက်ခြင်းမှ ရှောင်ကြဉ်ပြီးစည်းမျဥ်းများကိုစောင့်ထိန်း တဲ့အခါ စနစ်ဟာ ခိုင်မာအားကောင်း လာပါတယ်။

၃။ တတိယလှိုင်း ပေါ်ပေါက်လာရသည့် အကြောင်းရင်းများ

တတိယလှိုင်း(၁၉၇၄–၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်း)

ဒီမိုကရေစီတတိယလှိုင်း တပြိုင်နက်တည်းပေါ်လာခြင်းကို အချိန်ကာလနဲ့ ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာကို ရှင်းပြတဲ့ အဓိက အချက်ကြီးငါးချက် ကို ဟန်တင်တန်က ဖော်ပြခဲ့ပါတယ်-

၁။ ပထမအချက်က အာဏာရှင်စနစ်ရဲ့ တရားဝင်မှု ပျက်သုဉ်း ခြင်းဖြစ်ပါတယ်

စီးပွားရေး ပျက်ခြင်း၊ စစ်ရေး ရှုံးနိမ့်ခြင်း သို့မဟုတ် ပြည်တွင်း ပဋိပက္ခများကြောင့် အာဏာရှင်စနစ်အပေါ် ပြည်သူနဲ့ ထိပ်တန်းအုပ်စုများရဲ့ ယုံကြည်မှု ဆုံးရှုံးသွားခြင်း။

၂။ ဒုတိယ အချက်ကတော့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကြောင့်ဖြစ်ပါတယ်

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကြောင့် ပညာရေး မြင့်မားလာခြင်း၊ လူလတ်တန်းစား ပိုမိုများပြား လာခြင်းနဲ့ နိုင်ငံရေးတွင်ပါဝင်နိုင်မှုကို ပိုမိုတောင်းဆိုလာတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းများ ဖွံ့ဖြိုးလာခြင်း။

၃။ တတိယအချက်က ကက်သလစ်ချာ့ချ်ရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။

ဗာတီကန် ကောင်စီ (II) (Vatican II) အပြီးတွင် ချာ့ချ်ရဲ့ အယူဝါဒနဲ့ အခန်းကဏ္ဍ အခြေခံ ကျကျ ပြောင်းလဲသွားခြင်းဟာဒီမိုကရေစီဖြစ်ထွန်းရေးကိုအားပေးတဲ့တွန်းအားကြီးကိုဖြစ်စေခဲ့ပါတယ်၊ ၎င်းက အာဏာရှင်ဝါဒကို ပြင်းထန်စွာ ဆန့်ကျင်တဲ့ ရပ်တည်ချက်နဲ့ အတူလူ့အခွင့်အရေး ခေါင်းဆောင် ဖြစ်လာခြင်း (အထူးသဖြင့် တောင်ဥရောပနဲ့ လက်တင်အမေရိကတွင်) ကြောင့်ဒီမိုကရေစီ အပြောင်း အလဲကို ဖြစ်စေ ခဲ့ပါတယ်။

၄။ စတုတ္တအချက်ကပြင်ပ အင်အားစုများရဲ့တွန်းအားကြောင့်ဖြစ်ပါတယ်

အမေရိကန်ပြည်ထောင်စုရဲ့ သြဇာလွှမ်းမိုးမှု (လူ့အခွင့်အရေး မြှင့်တင်ခြင်း)၊ ဥရောပအသိုက်အဝန်း (EC/EU) တို့မှ (ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် စီးပွားရေး အကျိုးခံစားခွင့်များ ပေးခြင်း) နဲ့ နိုင်ငံတစ်ခုရဲ့ အသွင်ကူးပြောင်းမှုက”နှင်းဘောလုံးလိမ့်သလိုကြီးလာ သောအကျိုးသက်ရောက်မှု” (snowballing)အဖြစ် အခြားနိုင်ငံများကို တိုက်တွန်းအားပေးခြင်းကိုဖြစ်စေခဲ့ပါတယ်။

၅။ ပဥ္စမအချက်ကတော့ ဆိုဗီယက်၏ မူဝါဒ ပြောင်းလဲသွားခြင်းကြောင့်ဖြစ်ပါတယ်။

မစ်ခေးလ် ဂေါ်ဘာချော့ဗ် (Mikhail Gorbachev) လက်ထက်တွင် ဆိုဗီယက် ယူနီယံအနေနှင့် မာ့က်စ်-လီနင်ဝါဒီ အစိုးရများကို ကာကွယ်ပေးရန် ကတိကဝတ်မှ နောက်ဆုတ်လိုက်ခြင်းကြောင့် အရှေ့ဥရောပနိုင်ငံများအနေနဲ့ ဝင်ရောက်စွက်ဖက်ခံရမည့် စိုးရိမ်မှုမရှိဘဲ အသွင်ကူးပြောင်းရန် ခွင့်ပြု ပေးခဲ့ ပါတယ်။

ဆက်လက်တင်ပြသွားပ့ါမယ်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

Similar Posts